Tuesday, November 26, 2013

ကဲ တွေ့ပြီလား

ယနေ့ မြန်မာစစ်တပ်အတွက် ရင်နင့်စရာ ဖြစ်ရပ်တစ်ခု

လက်ရှိမြန်မာ့တပ်မတော်မှာ တစိမ့်စိမ့်တွေးလေ၊ ရင်နင့်စရာကောင်းလေဖြစ်နေတဲ့ ဖြစ်ရပ်တစ်ခု ရှိပါတယ်။ ဗြိတိန်ဘုရင်မကြီးရဲ့မြေး ဝီလီယံဟာ ဗြိတိန်တပ်မတော်မှာ စစ်မှုထမ်းပြီးဖြစ်ပါတယ်။ ထိုင်း ဘုရင့်သားဟာလည်း ထိုင်းတပ်မတော်မှာ တာဝန်ထမ်းဆောင်ပြီးဖြစ်ပါတယ်။ KNLA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် တာမလာဘောရဲ့ သမီးဖြစ်သူ နော်စီဖိုးရာစိန် ဟာလည်း KNU မှာ ဒုဥက္ကဌအဖြစ် တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေပါတယ်။ ဒေသတွင်းနိုင်ငံများဖြစ်တဲ့ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ တရုတ် သာမက အနောက်နိုင်ငံများမှ အမျိုးသားခေါင်းဆောင်များရဲ့မျိုးဆက်များဟာ ၎င်းတို့နိုင်ငံရဲ့ တပ်မတော် အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ မြန်မာ့အမျိုးသားခေါင်းဆောင် လည်းဖြစ်၊ တပ်မတော်ကို တည်ထောင်ခဲ့သူလည်းဖြစ်၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာလည်းဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့မျိုးဆက်တွေ မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ခြင်း လုံးဝမရှိခြင်းဟာ ဝမ်းနည်းစရာ ကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။

မေမြို့ စစ်တက္ကသိုလ်မှာ အောင်ဆန်းခန်းမ၊ အောင်ဆန်းကြေးရုပ်တွေရှိပေမယ့် အောင်ဆန်းရဲ့ မျိုးဆက်တွေကတော့ အဲဒီခန်းမထဲကို ဝင်ခွင့်မရှိကြပါဘူး။ ကာချုပ်ကစပြီး ဗိုလ်ချုပ်အားလုံးက ရုံးခန်း တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေကို တပ်မတော်ရဲ့ ဖခင်တစ်ဦးအဖြစ် အခန်းထဲဝင်တိုင်း လက်တင်အလေးပြုနေပေမယ့် ဗိုလ်ချုပ် မျိုးဆက်တွေက မလုပ်နိုင်ကြပါဘူး။
နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ လက်ပံခါးလှမှာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်မှ တပ်မတော်အင်အားတောင့်တင်းစေရန် တိုင်းပြည်က အင်အားတောင့် တင်းဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း ပြည်ထောင်စုတပ်မတော် ထူထောင်ရေးကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင် ခဲ့တဲ့ တပ်မတော်ကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ထိန်းချုပ်ချင်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေးတွေကတော့ တပ်မတော်အင်အားတောင့်တင်းရေးမှာလည်း အကျိုးမပြုနိုင်၊ ပြည်ထောင်စုတပ်မတော် တည်ထောင်ရေးမှာလည်းမပါဝင်နိုင် ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့တပ်မတော်ကို ၎င်းရဲ့ မြေးအရင်း ၂ ဦး ဝင်ရောက်ခွင့်မရခြင်းမှာ နှမြောစရာဖြစ်ပါတယ်။  

ဗိုလ်ချုပ်အောင်ဆန်း၏ အဘိုးဖြစ်သူ ဗိုလ်မင်းရောင်မှာ မျိုးချစ်စိတ်အလွန်ပြင်းထန်သူဖြစ်ပြီး အင်္ဂလိပ်နယ်ချဲ့တို့ကို ရရာ လက်နက်ဖြင့် တော်လှန်တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။ အဖမ်းခံခဲ့ရချိန်မှာ ဗိုလ်မင်းရောင်ကို အင်္ဂလိပ်တို့ကျွန်အဖြစ် သစ္စာခံရန် ကမ်းလှမ်းခဲ့ပေမယ့် ဗိုလ်မင်းရောင်က “ငါဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် ဘယ်တော့မှ သစ္စာမဖောက်ဘူး၊ မင်းတို့ပေးတဲ့ရာထူးကို ငါ မလိုချင်ဘူး၊ မင်းတို့ ငါ့ကိုသတ်လိုက် ခုချက်ချင်းပင် သတ်ပါ” လို့ ပြောဆိုခဲ့တာကြောင့် အင်္ဂလိပ်များက ဗိုလ်မင်းရောင်ကို  ၁၈၈၇ ခု၊ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၄ နာရီမှာ ခေါင်းဖြတ် သတ်ပစ်လိုက်တာပါ။ ဒါ့အပြင် ဦးမင်းရောင်ရဲ့ ဦးခေါင်းပြတ်ကို နတ်မောက်မြို့ သိမ်တော် ကျောင်းတိုက်၏ တောင်ဘက် ကန်ဘောင်ရိုးရှိ ထနောင်းပင်တွင် ဆွဲထားပြီး လူအများကို ပြသခဲ့ပါသေးတယ်။ 


အဘိုးဗိုလ်မင်းရောင်ရဲ့ သွေးပါတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်နယ်ချဲ့တို့ကို တိုက်ထုတ်ရန် မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့ပါတယ်။ မြေးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက အဘိုး ဗိုလ်မင်းရောင်ရဲ့ အမွေကို ဆက်ခံနိုင်ခဲ့ပေမယ့်  မြေးဖြစ်သူ အလက်စန္ဒားအဲရစ်နဲ့ ကင်မ်အဲရစ်တို့ကတော့ အဘိုး ဗိုလ်အောင်ဆန်း ရဲ့ အမွေကို မဆက်ခံနိုင်ကြပါဘူး။ အဘိုးအရင်းဖြစ်သူက တပ်မတော်ရဲ့ ဖခင်ဖြစ်ခဲ့သော်လည်း မြေးအရင်းများမှာ တပ်မတော်နားသို့ မကပ်သည့်အပြင် မြန်မာစကားလည်း မပြောတတ်၊ မြန်မာစာလည်းမဖတ်တတ်ဖြစ်တာကြောင့် နိုင်ငံ တည်ထောင်ရေးလုပ်ငန်းများတွင်လည်း မပါဝင်နိုင်ကြပါ။ 


နိုင်ငံခြားသားများက လက်ရှိတပ်မတော် တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်တွေ တပ်ထဲမှာဘယ်အဆင့်ထိ ဘယ်နှယောက်ဝင်ခဲ့ကြသလဲလို့မေးရင် ဖြေစရာမေးခွန်းမရှိပါ။ အခြားနိုင်ငံ တပ်မတော်များမှာ ၎င်းတို့နိုင်ငံရဲ့ တပ်မတော်ကို တည်ထောင်ခဲ့သည့် တပ်မတော်ဖခင်ကြီးများ၏ မျိုးဆက် များတာဝန် ထမ်းဆောင်လျက်ရှိသော်လည်း မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းမရှိတော့တဲ့နောက် တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်လည်း တစ်ယောက်မှမရှိ သည်မှာ မြန်မာစစ်တပ်အတွက် ဂုဏ်ငယ်စရာဖြစ်ပါတယ်။ 

Thursday, November 21, 2013

မင်္ဂလာနဲ့အိမ်ထောင်

                                                              "ထောင် ဆိုတာ တာဝန်မဲ့သူ၊ ဥပဒေချိုးဖောက် သူတို့ကျရောက်ရတဲ့ လွတ်လပ် ပျှော်ရွှင်မှု အားလုံး ဆိတ်သုဉ်းရာ အကျဉ်းစခန်းကြီးဖြစ်သလို " အိမ်ထောင်" ဆိုတာလဲ" …ကဲ " မင်္ဂလာဆောင်တယ် " ဆိုတာနဲ့ ပတ်သက်လို့ နည်းနည်းပြောကြဦးစို့။
မင်္ဂလာ ဆိုတာ ကြီးပွါးချမ်းသာချင်းရဲ့ အကြောင်းအရာကိုခေါ်တာ။ " ကြီးပွား ချမ်းသာ၊ ကြောင်းများစွာ၊ မင်္ဂလာဟုခေါ်" ဆိုတဲ့ လင်္ကာအတိုင်းပေါ့။ မြတ်စွာဘုရား ဟောတော်မူတဲ့ မင်္ဂလာ အတိုင်းပေါ့၊
မြတ်စွာဘုရား ဟောတော်မူတဲ့ မင်္ဂလာတရားက(၃၈)ပါးတောင် ရှိပါတယ်။ မိတ်ကောင်း ဆွေကောင်းနဲ့ ပေါင်းသင်း ဆက်ဆံတာကစပြီး နိဗ္ဗာန်ရောက်တဲ့ အထိပါပဲ၊ ဒါပေမဲ့ မြန်မာစကားမှာ ပုတ္တဒါရသင်္ဂဟ မင်္ဂလာရဲ့ ရှေပြေးဖြစ်တဲ့ ခုလို ထိမ်းမြား လက်ထပ်ပွဲ ကိုမှ " မင်္ဂလာ ဆောင်တယ်" လို့ ထင်ထင်ရှားရှား ပြောဆိုသုံးစွဲကြတာကတော့ မိဘတို့ရဲ့ ဆန္ဒကို သိစေချင်တဲ့ ပုဗ္ဗနိမိတ်ပြ စကားအဖြစ်နဲ့ သုံးစွဲ တယ်လို့ဆိုရမလားဘဲ။


မြတ်စွာဘုရားဟောတော်မူတဲ့ "မင်္ဂလာ"ဆိုတာတွေကို သေသေချာချာ လေ့လာ ကြည့်လိုက်ရင် လိုက်နာကျင့်ကြံရမယ့် "တာဝန်" တွေဆိုတာ တွေ့ရတယ်။ ဒါကြောင့်
"မင်္ဂလာ" ဆိုတာ " လူတာဝန်" လို့ ခံယူရမယ့် လုပ်ဆောင်စရာ လိုက်နာစရာတွေကို ပြော နေတာပါ။
မြန်မာစကားမှာ " ကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာ " လို့ အကျိုးနဲ့ အကြောင်း ကို အတွဲလိုက် ပြောဆိုလေ့ရှိပါတယ်။ အကြောင်းနဲ့ အကျိုးကို ခွဲခြားဆက်စပ် ကြည့်လိုက် မယ်ဆိုရင် " တာဝန်ကျေရင် ကျက်သရေ မင်္ဂလာရှိမယ်၊ ကျက်သရေ မင်္ဂလာရှိရင် ကောင်း ကျိုးချမ်းသာပြည့်စုံမယ်" လို့ ဆိုလိုရင်ဖြစ်ပါတယ်။

ဒီစကားတွဲရဲ့ ဆန့်ကျင်ဘက် အဖြစ်နဲ့ တာဝန်မဲ့ခဲ့ရင် ကျက်သရေ မင်္ဂလာမဲ့မယ်၊ ကျက်သရေမင်္ဂလာ မဲ့ရင် ကောင်းကျိုးချမ်းသာလည်း မဲ့လိမ့်မယ် ဆိုတဲ့ အဓိပ္ပါယ် ကိုလည်း နားလည်ရပါလိမ့်မယ်။ ဒါက မင်္ဂလာရဲ့ သဘော အဓိပ္ပါယ်ပါ။

"ဆောင်တယ်"ဆိုတာကတော့ သယ်တာ ယူတာပါပဲ၊ တာဝန်တွေ ပိုပြီးဆောင်ယူမယ် လို့ ဆိုလိုပါတယ်။ ဥပမာ အခု ဇနီးမောင်နှံတို့ ဘ၀ကို ပြန်ကြည့်ကြည့်ပါ။ ထိမ်းမြားလက်ထပ် မပြုခင်က မိဘအိမ်မှာ ကိုယ်က သားသမီး တာဝန်ပဲရှိတယ်။ မိဘဆိုတာ လက်ဦးဆရာဖြစ်လို့ ကိုယ်က တပည့်တာဝန်ပဲရှိတယ်။ မိဘက ဦးစီးနာယက ဖြစ်လို့ ကိုယ်က နောက်လိုက် တာဝန်ပဲရှိတယ်။ အဲဒီလို တာဝန် တစ်ဝက်တစ်ခြမ်းပဲရှိခဲ့တာ။ အခု ကိုယ်က မိဘနေရာ၊ လက်ဦး ဆရာနေရာ၊ ဦးစီးခေါင်းဆောင်နေရာကို ယူလိုက်ပြီဆိုတော့ တစ်ဖက်မှာ ကိုယ့်ရဲ့ မိဘ ကလည်းရှိလေတော့ သားသမီးတာဝန်၊ တပည့်တာဝန်၊ နောက်လိုက်တာဝန်လည်း ရှိနေတုန်း၊ ကိုယ်ကိုယ်တိုင် မိဘတာဝန်၊ လက်ဥိးဆရာတာဝန်၊ ဦးစီးနာယက တာဝန်ကိုပါ ယူရတော့ မယ်။ အဲဒီလို တာဝန်တွေ ပိုပြီးဆောင်ယူတာပါ။ ဒါက တစ်ယောက်ချင်စီ အနေနဲ့ပြောတာ။ နှစ်ယောက်ပေါင်းအနေနဲ့ ကြည့်မယ်ဆိုရင် မိမိတို့မှာ မူလက တဖက် တစ်မိဘစီဘဲ ရှိခဲ့ကြ တာ။ ခုတော့ ဇနီးမောင်နှံ အချင်းချင်းက နှစ်ကိုယ်တစ်စိတ်အဖြစ် လက်တွဲပေါင်းစပ်ခဲ့ကြပြီ ဖြစ်လို့ မိဘဆွေမျိုးများကိုလည်း နှစ်မိဘ၊ တစ်မိဘ၊ နှစ်ဆွေမျိုးကို တစ်ဆွေမျိုးတည်း အဖြစ်လည်း ခံယူကြရမှာပဲ။ ဒါကြောင့် မာတာပိတုဥပဋ္ဌာနမင်္ဂလာ၊ ဉာတကသင်္ဂဟ မင်္ဂလာ တို့လည်း တစ်ဆတိုးပြီး ဆောင်ယူလိုက်ကြတဲ့ သဘောဖြစ်လာလို့ မင်္ဂလာတွေ ပိုပြီးယူတယ်။ ဆောင်တယ်ဆိုတဲ့ နိမိတ်ကောင်းယူပြီး "ထိမ်းမြား လက်ထပ်ခြင်း"ကို "မင်္ဂလာ ဆောင်တယ်" လို့ ကင်ပွန်းတပ် ပြောဆိုကြတာ ဖြစ်မယ်ထင်ပါတယ်။ မိဘဆွေမျိုးတို့ရဲ့ ဆန္ဒ ကလည်း ဒီလိုပဲ ရှိကြမှာပါ။

တစ်ကိုယ်ရေ တစ်ကာယသမားတွေမှာ ခုလိုမင်္ဂလာတွေ အစုံလိုက် အပြည့်အ၀ မရှိဘဲ တစ်ဝက်တစ်ခြမ်းပဲ ရှိကြလို့များ အစကပြောခဲ့တဲ့ ကဗျာဆရာက " လူလားမမြောက်သေး"လို့ ခနဲ့လိုက်သလားပဲ။

ဒီလိုပြောလိုက်လို့ ဟိုနောက်နားက လူလားမမြောက်ကြသေးသူတွေ အားမငယ်ကြနဲ့။ တို့အတွက် အလွန် အားတက်စရာကောင်းတဲ့ ကဗျာလေးတစ်ပုဒ်လည်း ဖတ်လိုက်ရဖူးတယ်။
ကဗျာက……..
" ငါအိပ်တယ်၊
ငါနိုးတယ်။
နံဘေးမှာ ကြည့်
ဘာမျှ မရှိ
သြော်. . ကျယ်ဝန်းလိုက်ပါဘိ" တဲ့။
သားမယား ကျွေးမွေးစောင့်ရှောက်မှု ကြောင့်ကြစရာ ပူပန်စရာ အရှုတ်အထွေး ကင်းတဲ့ အတွက် တစ်ယောက်ထည်း အိပ်စရာ ကျောတစ်ခင်းစာလောက် နေရာကလေးရှိလည်း ကျယ် ၀န်းနေတာပဲလို့ ဆိုချင်ပုံရပါတယ်။ မြတ်စွာဘုရား ဟောတော်မူတဲ့ " အဗ္ဘောကာသော ပဗ္ဗဇ္ဇာ ဘ၀၀ဋ်ဘောင် အလွတ်ရှောင် သူတို့ရဲ့ ဘ၀ဟာ လွင်တီးခေါင်လို ကျယ်ဝန်းတယ်" ဆိုတဲ့ စကားနဲ့ ကိုက်ညီလို့ တစ်ကိုယ်တည်း သမားတွေအနေနဲ့ အိပ်ရာကနိုးတိုင်း ဥဒါန်းသဘောမျိုး ကျူးရင့်နေဖို့ကောင်းတယ်။ ရသေ့စိတ်ဖြေလို့ ပြောချင်လည်း ပြေကြပါစေပေါ့။

အဲ လူလားမြောက်ပြီးဖြစ်တဲ့ ဇနီးမောင်နှံတို့ကတော့ ရာသက်ပန် ခိုင်မြဲရေးမှာ အချင်း ချင်းယုံကြည် စိတ်ချမှုဟာ အဓိကဖြစ်တဲ့ အတွက် အချင်းချင်း ယုံကြည်လောက်တဲ့ ကိုယ် ကျင့်တရားကို အခိုင်အမာ စောင့်စည်း တည်ဆောက်ကြပြီး ထမ်းဆောင်ရမယ့် မင်္ဂလာ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြတဲ့" မင်္ဂလာဆောင်သူ" စစ်စစ်များဖြစ် အောင် ကြိုးစားကြပေရော့။ ဒီလို မဟုတ်ရင်တော့ မင်္ဂလာဆောင်ကြသူတွေ မဖြစ်ဘဲ အိမ်ထောင် ကျသူတွေပဲ ဖြစ်သွားလိမ့်မယ်။

"ထောင်" ဆိုတာ တာဝန်မဲ့သူ၊ စည်းကမ်းဥပဒေ ချိုးဖောက်သူတွေ ကျရောက်ရမယ့် လွတ်လမ်းပျှော်ရွှင်မှု အားလုံး ဆိတ်သုဉ်းရာ အကျဉ်းစခန်းကြီးဖြစ်တယ်ဆိုတာ အားလုံး သိပြီး သားပဲ။ "အိမ်ထောင်" ဆိုတာလည်း မိသားစုတာဝန် ပျက်ကွက်သူ၊ ကိုယ်ကျင့်တရား ချိုး ဖောက်သူတွေ ကျရောက်နေရတဲ့ လွတ်လပ်ပျှော်ရွှင်မှုတို့ ဆိတ်သုဉ်းရာ နေရာကိုခေါ်တာပါ။ ကိုယ့်ကျင့်တရား ခိုင်မာသူ၊ တာဝန်ကျေသူတို့အတွက်တော့ ကောင်းကျိုး ချမ်းသာ ကျက် သရေ မင်္ဂလာ အတိပြီးတဲ့ ပျှော်ရွှင်စရာ သိရီဂေဟာကြီး ဖြစ်ကြမှာပါ။

ဒီလို အခိုင်အမာ ယုံကြည်လက်ခံကြပြီး မင်္ဂလာတွေ မပြတ်ဆောင်နိုင်ကြတဲ့ ဇနီးမောင် နှံများ ဖြစ်နိုင်ကြပါစေ။
ကဲ ပြည့်စုံလောက်ပါပြီ။